Log in

JTBC ကနေ ထုတ်လွှင့်မယ့် ရိုးမန့်စ်ဒရာမာမှာ ပါဝင်လာမယ့် ဆောဂန်ဂျွန်းနဲ့ ပတ်မင်ယောင်

မင်းသားဆောဂန်ဂျွန်းနဲ့ မင်းသမီး ပတ်မင်ယောင်တို့ကို မကြာခင်ထုတ်လွှင့်မယ့် ဒရာမာ တခုမှာ အတူတူ ပြန်လည် မြင်တွေ့ရဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာသူတို့နှစ်ဦးဟာ JTBC ဒရာမာဖြစ်တဲ့ “I’ll Go to You When the Weather Is Nice” အတွက် ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ အခု စက်တင်ဘာ ၁၇ ရက်မှာတော့ ဆောဂန်ဂျွန်းနဲ့ ပတ်မင်ယောင်တို့ဟာ ဒရာမာအတွက် ခေါင်းဆောင် သရုပ်ဆောင်တွေ အနေနဲ့ ပါဝင်လာကြတော့မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

အဲ့ဒီဒရာမာကတော့ နာမည်တူ ဝတ္ထုကို အခြေခံထားပြီး ကျေးလက်ဒေသမှာ ပုံဖော်မယ့် နွေးထွေးတဲ့ ရိုးမန့်စ် ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ မင်းသမီး ပတ်မင်ယောင်ကတော့ ငယ်ငယ်ကတည်းက ဆယ်လိုတီးခတ်လေ့ ရှိတာကလွဲလို့ တခြားထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးမရှိတဲ့ သာမန်အမျိုးသမီး မော့ဟယ်ဝန်အဖြစ် သရုပ်ဆောင်မှာပါ။ သူဟာ ပရောဖက်ရှင်နယ်လောကထဲကို ဝင်ရောက်ဖို့ အဲ့ဒီကျွမ်းကျင်မှုကို အသုံးပြုခဲ့ပေမယ့် နှလုံးထိခိုက်ကြေကွဲမှုနဲ့ ယုံကြည်မှုဆုံးရှုံးတာသာ ရရှိခဲ့ရသူပါ။ အဲ့ဒီနောက် သူဟာ ငယ်ငယ်ကတည်းက နေခဲ့တဲ့ ဂန်ဝမ်ပြည်နယ်မှာ ရှိတဲ့ မြို့တစ်ခုဆီကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မင်းသား ဆောဂန်ဂျွန်းရဲ့ ဇာတ်ကောင်ကတော့ မော့ဟယ်ဝန်းရဲ့ မွေးရပ်မြို့မှာ စာအုပ်ဆိုင်လေးတစ်ခုကို ဖွင့်လှစ်ထားတဲ့ အင်အွန်းဆော့ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့တစ်နေ့တာကို ကောဖီတစ်ခွက်သောက်ပြီး စာအုပ်ဖတ်ခြင်းနဲ့ စတင်ပြီး သူ့ရဲ့စာအုပ်ဆိုင်ဘလော့ဂ်အတွက် ပို့စ်တစ်ခုတင်တတ်သူပါ။ ဟယ်ဝန်တစ်ယောက် သူ့ဘဝထဲကို ဝင်ရောက်လာခဲ့ပြီးတဲ့နောက် သူ့ရဲ့ဘဝက လှုပ်ခတ်ခဲ့ရပါတယ်။

“I’ll Go to You When the Weather Is Nice” ဒရာမာကို JTBC ရုပ်သံလိုင်းကနေ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်ကာလမှာ ထုတ်လွှင့်ပြသဖို့ ပြင်ဆင်ထားပါတယ်။