Logo
Print this page

ကိုဗစ်ပိုးမတွေ့အဖြေထွက်ပေမယ့်ကာကွယ်ဆေးမထိုးရသေးလို့ ၁၀ ရက်ကွာရန်တင်းဝင်ရမယ့် ဆုန်းဂျီဟို

မင်းသမီး ဆုန်းဂျီဟိုဟာ ၁၀ ရက်တိတိ ကွာရန်တင်းဝင်ရတော့မှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၁ ရက်မှာ မင်းသမီးဆုန်းဂျီဟိုရဲ့ အေဂျင်စီ Creative Group ING က တရားဝင်သတင်းထုတ်ပြန်ချက်ထုတ်ပြန်ပြီး မင်းသမီးဆုန်းဟာ ၁၀ ရက် ကွာရန်တင်း ချက်ချင်းဝင်ရမယ့်အကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ မကြာသေးခင်တုန်းက ရိုက်ကူးရေးတစ်ခုအတွင်းမှာ ကိုဗစ် ပိုးတွေ့လူနာတစ်ဦးနဲ့ ထိတွေ့ခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

PCR စမ်းသပ်စစ်ဆေးမှုမှာ ပိုးမတွေ့အဖြေထွက်ခဲ့ပေမယ့် ကာကွယ်ဆေးမထိုးထားဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် မင်းသမီးဆုန်းဟာ လက်ရှိကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း ၁၀ ရက်ကြာ ကွာရန်တင်းနေထိုင်ရမှာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် လာမယ့် ဇန်နဝါရီ ၂၄ နဲ့ ၂၅ ရက်တို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ SBS ရဲ့ 'Running Man' ရိုက်ကူးရေး အစီအစဉ်မှာ ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။

မင်းသမီးဆုန်း ကာကွယ်ဆေးမထိုးရတဲ့အကြောင်းပြချက်နဲ့ပတ်သက်လို့ Creative Group ING က "ဆုန်းဂျီဟိုဟာ ကလေးဘဝတုန်းက ဆေးဝါးဆိုင်ရာ ဓာတ်မတည့်မှု ရှိခဲ့ဖူးပါတယ်။ အဲဒီဓာတ်မတည့်မှုဟာ ဒီနေ့အထိရှိနေဆဲဖြစ်ပြီး ၂၀၁၁ ခုနှစ်တုန်းက ဆုန်းဂျီဟိုဟာ များပြားတဲ့အချိန်ဇယားတွေကြောင့် အာဟာရဖြည့် IV ကုသမှုကို ခံယူဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ပြင်းထန်တဲ့ ဓာတ်မတည့်တဲ့ တုံ့ပြန်မှု ကြုံတွေ့ခဲ့ရပြီး အသက်ရှူခက်ခဲတာတွေပါ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ အရေးပေါ်ခန်းထဲရောက်သွားပြီး ဓာတ်မတည့်မှုကို ကုသခဲ့ရပါတယ်တဲ့။ အဲဒါဖြစ်ရပ်အပြီး ဆုန်းဂျီဟိုဟာ ပဋိဇီဝဆေးမျိုးစုံနဲ့ ဓာတ်မတည့်တာမျိုးတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့နဲ့ ပတ်သက်လို့ ဆရာဝန်နဲ့ သေသေချာချာ ဆွေးနွေးခဲ့ပြီး လက်ရှိအချိန်အထိ ဆေးမထိုးဘဲ ရှိနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂါကာကွယ်ရေးလမ်းညွှန်ချက်တွေအတိုင်း တိတိကျကျလိုက်နာမယ်လို့လည်းဆိုပါတယ်။ ဇန်နဝါရီ ၂၀ ရက်မှာတော့ Super Junior ရဲ့ အေဂျင်စီ Label SJ က အဖွဲ့ဝင် Eunhyuk ဟာ ကိုဗစ်ကူးစက်ခံခဲ့ရတယ်လို့ အတည်ပြုထားပါတယ်။ Eunhyuk ဟာ ဇန်နဝါရီ ၁၇ ရက်မှာ SBS ရဲ့ Running Man ရိုက်ကူးရေးကိုလာခဲ့တာကြောင့် အဲဒီအစီအစဉ်မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေအားလုံးဟာ PCR စမ်းသပ်မှုတွေကို ချက်ချင်းဆိုသလို ခံယူခဲ့ရပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!