လူကြိုက်များမှုကြောင့် ‘Our Beloved Summer’ စီးရီးကို ရုပ်ရှင်ဗားရှင်းအဖြစ် ထုတ်လုပ်မည်
- Y Nay
- Category: Movie
SBS ကနေ တနင်္လာနဲ့ အင်္ဂါနေ့တိုင်းထုတ်လွှင့်နေတဲ့ ‘Our Beloved Summer’စီးရီးဟာ မပြီးဆုံးမီ အပိုင်း ၂ ခုလောက်အလိုမှာပဲ ထင်မှတ်မထားတဲ့ သတင်းတစ်ခုကို ဝေမျှလာပါတယ်။
Herald Pop မီဒီယာရဲ့အဆိုအရ လူကြိုက်များမှုကြောင့် ‘Our Beloved Summer’ စီးရီးကို ‘Our Beloved Summer: The Movie’ ဆိုတဲ့နာမည်နဲ့ အထူးရုပ်ရှင်တစ်ခုအဖြစ် ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။
လာမယ့်ဇန်နဝါရီ ၂၅ ရက်နေ့မှာအပိုင်း ၁၆ နဲ့အဆုံးသတ်တော့မယ့် အဲဒီစီးရီးကို လာမယ့် ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီမှာ ‘Our Beloved Summer: The Movie‘ ဆိုတဲ့ အထူးထုတ်လွှင့်မှုနဲ့ ပြန်လာဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အထက်တန်းမှာ တွေ့ဆုံခဲ့ကြတဲ့သူနှစ်ဉီးကြားက အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု အထူးရရှိခဲ့ပါတယ်။ တခါက စွဲစွဲနစ်နစ်ချစ်မြတ်နိုးခဲ့ဖူးသူနဲ့ ပြန်ဆုံရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေကိုလည်း ဖော်ကျူးထားတာဖြစ်ပါတယ်။
အဲဒီစီးရီးဟာ စတင်ပြသတဲ့အချိန်မှာ မှန်းထားသလောက်အဆင်မပြေခဲ့ပေမယ့် အသက် ၂၀ ကနေ ၃၀ ကျော်ကြားမှာရှိတဲ့ လူငယ်တွေထံကနေ တုံ့ပြန်မှုကောင်းတွေရရှိခဲ့ရာကစလို့ တဖြည်းဖြည်း လူကြိုက်များလာတာလည်း ဖြစ်ပါတယ်။